အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁) ဘုရားသခင်၏ အခွင့်အာဏာ (၁) အပိုင်း ငါး


အောက်ပါ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ သြဇာအာဏာကို သိရေးအတွက် မရှိမဖြစ်ဖြစ်ပြီး သူတို့၏ အဓိပ္ပာယ်ကို အောက်တွင်ရှိသည့် မိတ်သဟာယပြုလုပ်ခြင်းတွင် ဖော်ပြထားသည်။ ကျမ်းပိုဒ်ကို ဆက်ဖတ်ကြစို့။
၄။ စာတန်အတွက် ဘုရားသခင်၏အမိန့်
ယောဘ ၂:၆ ထိုအခါ ယေဟောဝါက စာတန်အား၊ သူသည် သင်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့ဟု မိန့်တော်မူ၏။
စာတန်သည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို မည်သည့်အခါမျှ မကျော်လွန်ဝံ့ပေ။ ဤအတွက်ကြောင့် အရာအားလုံးသည် စနစ်တကျ အသက်ရှင်နေထိုင်ကြသည်
ဤသည်မှာ ယောဘဝတ္ထုမှ ကောက်နုတ်ချက်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များထဲတွင် “သူသည်” ဆိုသည်မှာ ယောဘကို ရည်ညွှန်းသည်။ အတိုချုပ်ဖြစ်သော်လည်း ဤစာကြောင်းသည် အကြောင်းအရာများစွာကို ရှင်းလင်းစေသည်။ ဝိညာဉ်လောကတွင် ဘုရားသခင်နှင့် စာတန်ကြားက ခွန်းတုံ့ဖလှယ်မှုတစ်ခုကို ဖော်ပြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ဦးတည်ပြောနေသူမှာ စာတန်ဖြစ်သည်ဆိုသည်ကို ပြော၏။ ဘုရားသခင်က အဘယ်အရာကို သေသေချာချာပြောခဲ့သနည်းဆိုသည်ကို မှတ်တမ်းတင်ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က စာတန်အတွက် အမိန့်နှင့် ခိုင်းစေချက်များဖြစ်သည်။ ဤအမိန့်၏ အသေးစိတ်အချက်အလက်က ယောဘ၏အသက်ကို ချမ်းသာပေးရန်နှင့် ယောဘအပေါ်တွင် စာတန်၏ပြုမူပုံနှင့်ပတ်သက်ပြီး ဘုရားသခင် သတ်မှတ်ထားသည့် စည်းတို့နှင့် ဆက်နွှယ်သည်။ စာတန်က ယောဘ၏အသက်ကို ချမ်းသာပေးရပေမည်။ ဤဝါကျမှ သင်ယူလေ့လာရသည့် ပထမဆုံးအရာက ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်က စာတန်ကိုပြောသည့် နှုတ်ကပတ်တော်များဖြစ်သည်ဆိုခြင်းပင်ဖြစ်သည်။ ယောဘဝတ္ထု၏ မူရင်း စာသားများအရ ယင်းက ဤကဲ့သို့သော နှုတ်ကပတ်တော်များ၏ နောက်ခံအား ငါတို့ကိုပြောပြသည်။ စာတန်က ယောဘကို စွပ်စွဲချင်ခဲ့သည်။ ထို့ကြောင့် စာတန်က သူ့ကို သွေးမဆောင်ခင်တွင် ဘုရားသခင်၏ သဘောတူညီမှုကို ရရန်လိုခဲ့သည်။ ယောဘကို သွေးဆောင်ရန် စာတန်၏ တောင်းဆိုမှုကို ခွင့်ပြုရာတွင် ဘုရားသခင်က စာတန်ကို ဤသဘောတူညီချက်ကို ပြောဆိုခဲ့သည်။ “ယောဘသည် သင်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့ဟု မိန့်တော်မူ၏” ဤနှုတ်ကပတ်တော်များ၏ သဘောသဘာဝက မည်သို့နည်း။ ယင်းတို့မှာ ခိုင်းစေချက်တစ်ခု၊ အမိန့်တစ်ခုဖြစ်သည်ဆိုခြင်းမှာ ရှင်းသည်။ ဤစကားလုံးများ၏ သဘောကို နားလည်ပြီးလျှင် ဤအမိန့်ကို ထုတ်သည့်သူသည် ဘုရားသခင်ဖြစ်ပြီး ဤအမိန့်ကိုခံယူကာ နာခံသည့်သူက စာတန်ဖြစ်သည်ကို သင်နားလည်ရမည်။ ဤအမိန့်တွင် ဘုရားသခင်နှင့် စာတန်အကြားရှိ ဆက်ဆံရေးမှာ ဤနှုတ်ကပတ်တော်များကို ဖတ်သည့်သူတိုင်းအတွက် သိသာထင်ရှားလှ၏ဆိုသည်ကို ပြောစရာမလိုပေ။ ဟုတ်ပေ၏၊ ဤသည်မှာ ဝိညာဉ်လောကတွင်ရှိသော ဘုရားသခင်နှင့် စာတန်အကြားမှ ဆက်ဆံရေးလည်းဖြစ်သည်။ ကျမ်းပိုဒ်ထဲတွင် ဘုရားသခင်နှင့်စာတန်ကြားက ခွန်းတုံ့ဖလှယ်ခြင်း၏ မှတ်တမ်းများထဲတွင် ဖော်ပြထားသည့် ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းနှင့် စာတန်၏ခြားနားချက်က ယခုချိန်အထိ တိကျသည့် ပုံဥပမာနှင့် စာသားမှတ်တမ်းတစ်ခုဖြစ်ပြီး လူသားတို့ သင်ယူနိုင်သည့် ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းနှင့် စာတန်တို့ကြားက ထင်ရှားသည့် ခြားနားချက်ပင်ဖြစ်သည်။ ဤနေရာတွင် ဤနှုတ်ကပတ်တော်များ၏ မှတ်တမ်းက ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းအပေါ် လူသား၏သိမြင်မှုနှင့်ပတ်သက်ပြီး အရေးကြီးသည့် မှတ်တမ်းတစ်ခုဖြစ်သည်ဟု ငါဆိုရပေမည်။ ထို့အပြင် ဘုရားသခင်နှင့်ပတ်သက်သည့် လူသား၏ သိမြင်မှုအတွက် အရေးကြီးသည့် အချက်အလက်များ ပါဝင်သည်။ ဝိညာဉ်လောကတွင် ဖန်ဆင်းရှင်နှင့် စာတန်ကြားမှ ဤခွန်းတုံ့ဖလှယ်ခြင်းမှတစ်ဆင့် လူသားသည် ဖန်ဆင်းရှင်၏ သြဇာအာဏာတွင် နောက်ထပ် သီးသန့်အချက်တစ်ခုကို နားလည်နိုင်လိမ့်မည်။ ဤနှုတ်ကပတ်တော်များသည် ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာအတွက် နောက်ထပ် သက်သေခံခြင်းတစ်ခုဖြစ်သည်။
အပြင်ပန်းအားဖြင့် ဤအရာတို့သည် ယေဟောဝါဘုရားသခင်နှင့် စာတန်ကြားက ခွန်းတုံ့ဖလှယ်ခြင်းဖြစ်သည်။ သူတို့၏အနှစ်သာရက ယေဟောဝါဘုရားသခင် စကားပြောသည့် သဘောထားဖြစ်ပြီး သူစကားပြောသည့် အနေအထားက စာတန်၏အထက်တွင်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ယေဟောဝါဘုရားသခင်က စာတန်ကို အမိန့်ပေးသည့်လေသံနှင့် ခိုင်းစေခြင်းဖြစ်ပြီး စာတန်ကို မည်သည်ကိုလုပ်ရမည်၊ မည်သည်ကိုမလုပ်ရ၊ ယောဘက သူ့လက်ထဲတွင်ရှိနှင့်ပြီးဖြစ်သည်၊ ယောဘကို လုပ်ချင်သလိုလုပ်၍ရသည်— သို့ရာတွင် သူ၏အသက်ကိုကား မယူရ စသည်တို့အား စာတန်ကိုပြောနေခြင်းဖြစ်သည်။ နောက်ခံအကြောင်းရင်းမှာ ယောဘက စာတန်၏လက်ထဲတွင် ရှိသော်လည်း သူ၏အသက်အား စာတန်ကို ပေးမထားပေ။ ဘုရားသခင်က ခွင့်မပြုပါက ဘုရားသခင်၏လက်ထဲမှ မည်သူမျှ ယောဘ၏အသက်ကို မယူနိုင်ပေ။ ဘုရားသခင်၏ သဘောထားက စာတန်အပေါ် ဤအမိန့်ပေးချက်တွင် ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ ဤအမိန့်ပေးချက်သည် ယေဟောဝါ ဘုရားသခင်က စာတန်ကို စကားပြောသည့် အဆင့်အနေအထားကိုလည်း ထင်ရှားဖွင့်ပြသည်။ ဤနေရာတွင် ယေဟာဝါဘုရားသခင်သည် အလင်း၊ လေ၊ အရာအားလုံးနှင့် သက်ရှိသတ္တဝါအားလုံးကို ဖန်ဆင်းသည့် ဘုရားသခင်၏နေရာ၊ အရာအားလုံးနှင့် သက်ရှိသတ္တဝါ အားလုံးတို့အပေါ်တွင် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသည့် ဘုရားသခင်၏နေရာတွင် ရပ်တည်နေရုံတင်မကဘဲ လူသားမျိုးနွယ်ကို အုပ်ချုပ်သည့်၊ မရဏနိုင်ငံကို အုပ်ချုပ်သည့်၊ သက်ရှိအားလုံး၏ သေခြင်း၊ ရှင်ခြင်းကို ထိန်းချုပ်သည့် ဘုရားသခင်အဖြစ်လည်း ရပ်တည်သည်။ ဝိညာဉ်လောကတွင် ဘုရားသခင်မှလွဲပြီး မည်သူက စာတန်ကို ဤကဲ့သို့သော အမိန့်မျိုး ပေးရဲသနည်း။ ထို့အပြင် ဘုရားသခင်က စာတန်ထံ အဘယ်ကြောင့်သူ့အမိန့်ကို ကိုယ်တိုင်ထုတ်ခဲ့ခြင်း ဖြစ်သနည်း။ ယောဘ၏အသက်အပါအဝင် လူသား၏အသက်ကို ဘုရားသခင်က ထိန်းချုပ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်က စာတန်ကို ယောဘ၏အသက်ကိုထိခိုက်ရန် သို့မဟုတ် ယူဆောင်ရန် ခွင့်မပြုပေ။ ဆိုလိုသည်မှာ ဘုရားသခင်က စာတန်ကို ယောဘအား သွေးဆောင်ရန် ခွင့်မပြုမီတွင် ဤကဲ့သို့သောအမိန့်ကိုသေချာထုတ်ရန် ဘုရားသခင်က သတိရပြီး ယောဘ၏ အသက်ကိုမယူရန် စာတန်ကို နောက်တစ်ခါ အမိန့်ပေးသည်။ စာတန်က ဘုရားသခင်၏ သြဇာအာဏာကို မည်သည့်အခါမျှ မကျော်လွန်ရဲသည့်အပြင် ဘုရားသခင်၏ အမိန့်နှင့် အထူးမိန့်ကြားချက်များကို သေချာနားထောင်ပြီး နာခံခဲ့သည်။ မည်သည့်အခါမျှ မဖောက်ဖျက်ရဲပေ။ ထို့အပြင် ဘုရားသခင်၏ အမိန့်များကိုလည်း ထင်သလို မပြောင်းလဲရဲပေ။ ဤအရာတို့သည် ဘုရားသခင်က စာတန်အတွက် ချမှတ်ထားသည့် အကန့်အသတ်များဖြစ်သည်။ ထို့ကြောင့် စာတန်က ဤအကန့်အသတ်များကို မည်သည့်အခါမျှ မဖောက်ဖျက်ရဲပေ။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာ၏ တန်ခိုးအစွမ်း မဟုတ်ပေလော။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာ၏ သက်သေခံခြင်း မဟုတ်လော။ ဘုရားသခင်အပေါ် မည်သို့ပြုမူရမည်၊ ဘုရားသခင်ကို မည်သို့မြင်ရမည်ဆိုသည့်နေရာတွင် စာတန်က လူသားမျိုးနွယ်ထက် ပိုရှင်းလင်းသည့် နားလည်မှုရှိထားသည်။ ထို့ကြောင့် ဝိညာဉ်လောကတွင် စာတန်က ဘုရားသခင်၏ သြဇာအာဏာနှင့် အဆင့်အတန်းကို အလွန်ရှင်းရှင်းလင်းလင်း မြင်ပြီး ဘုရားသခင်၏ သြဇာအာဏာ၏ တန်ခိုးအစွမ်းနှင့် သူ၏သြဇာအာဏာနောက်က အခြေခံသဘောတရားများကို လေးနက်စွာ အသိအမှတ်ပြုသည်။ ဤအရာများကို စာတန်သည် လျစ်လျူမရှုရဲသကဲ့သို့ မည်သည့်နည်းနှင့်မျှ မချိုးဖောက်ရဲပေ သို့မဟုတ် ဘုရားသခင်၏ သြဇာအာဏာကို ကျော်လွန်သည့် အရာတစ်ခုမျှ မလုပ်ရဲပေ။ ဘုရားသခင်၏ အမျက်ဒေါသကို မည်သည့်နည်းလမ်းနှင့်မျှ စိန်မခေါ်ရဲပေ။ စာတန်၏ သဘောသဘာဝမှာ ဆိုးယုတ်ပြီး မောက်မာသော်လည်း စာတန်သည် ဘုရားသခင်က သူ့အတွက် ချမှတ်ထားသည့် စည်းများနှင့် အကန့်အသတ်များကို တစ်ခါမျှ မဖြတ်ကျော်ရဲပေ။ နှစ်သန်းပေါင်းများစွာအကြာထိ ဤစည်းများကို တိတိကျကျ လိုက်နာခဲ့သည်။ ဘုရားသခင်ပေးအပ်သည့် ခိုင်းစေမှုနှင့် အမိန့်တိုင်းကို လိုက်နာပြီး မည်သည့်အခါမျှ စည်းမကျော်ရဲပေ။ စာတန်သည် အန္တရာယ်ရှိသော်လည်း အကျင့်ပျက်စီးသည့် လူသားမျိုးနွယ်ထက် ပိုပြီးပါးနပ်သည်။ ၎င်းသည် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကိုသိပြီး သူ၏ ကိုယ်ပိုင်စည်းမျဉ်းများကို သိသည်။ စာတန်၏ “ကျိုးနွံသည့်” အပြုအမူများမှတစ်ဆင့် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် စာတန်က ကျော်လွန်၍မရနိုင်သည့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် အမိန့်ထုတ်ပြန်ချက်များဖြစ်သည်ကို မြင်နိုင်လိမ့်မည်။ အရာအားလုံးကိုပြောင်းလဲပြီး အစီအစဉ်တကျ ပွားများစေသည့်၊ ဘုရားသခင်တည်ထောင်ထားသည့် လမ်းကြောင်းအတွင်းတွင် လူသားတို့ အသက်ရှင်ပြီး မျိုးပွားနိုင်သည့်၊ မည်သည့်လူပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ ဤအမိန့်ကို နှောင့်ယှက်နိုင်စွမ်းမရှိသည့်၊ မည်သည့်လူပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ ဤနိယာမကို ပြောင်းလဲနိုင်စွမ်းမရှိသည်မှာ ဘုရားသခင်၏ အတုမရှိခြင်းနှင့် သြဇာအာဏာကြောင့် ဖြစ်သည်။ အကြောင်းမှာ သူတို့အားလုံးသည် ဖန်ဆင်းရှင်၏လက်မှလာပြီး ဖန်ဆင်းရှင်၏အမိန့်နှင့် သြဇာအာဏာမှ လာသည့်အတွက်ဖြစ်သည်။
ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာရှိသည့် ဘုရားသခင်သာလျှင် အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်လိမ့်မည်
စာတန်၏ ထူးခြားသည့် ဝိသေသလက္ခဏာသည် အမျိုးမျိုးသော အကြောင်းအရာများနှင့်စပ်ဆိုင်သည့် ၎င်း၏ထင်ရှားပြသခြင်းအပေါ်တွင် လူအများကို အလွန်စိတ်ဝင်စားစေခဲ့သည်။ စာတန်က နိမိတ်လက္ခဏာများကို ပြသနိုင်စွမ်းရှိပြီး လူသားတို့အနေနှင့် မဖြစ်နိုင်သည့် အရာများကို ၎င်းကလုပ်နိုင်စွမ်းရှိသည့်အတွက်ကြောင့် ဘုရားသခင်ကဲ့သို့ သြဇာအာဏာကို စာတန်ပိုင်ဆိုင်သည်ဟု ယုံကြည်သည့် လူအများအပြားပင်ရှိသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းအပြင် သူ့နှလုံးသားထဲတွင် စာတန်အတွက်လည်း နေရာတစ်နေရာ ချန်ထားကာ စာတန်ကို ဘုရားအနေနှင့်ပင် ကိုးကွယ်ကြသည်။ ဤလူများသည် သနားစရာကောင်းသကဲ့သို့ စက်ဆုပ်ရွံ့ရှာဖွယ်လည်းဖြစ်သည်။ သူတို့၏ မသိနားမလည်မှုကြောင့် သနားစရာကောင်းပြီး သူတို့၏ မိစ္ဆာဒိဌိအယူနှင့် ပင်ကိုဆိုးယုတ်သည့်အနှစ်သာရကြောင့် စက်ဆုပ်ရွံ့ရှာဖွယ်ဖြစ်သည်။ ဤနေရာတွင် သြဇာအာဏာက အဘယ်အရာဖြစ်သည်၊ မည်သည့်အသွင်ဆောင်သည်၊ အဘယ်အရာကို ကိုယ်စားပြုသည်ဆိုခြင်းအား သင်တို့ကို အသိပေးရန် လိုအပ်သည်ဟု ငါခံစားရသည်။ ယေဘုယျအားဖြင့်ပြောရလျှင် ဘုရားသခင်ကိုယ်တော်တိုင်က သြဇာအာဏာဖြစ်ပြီး ဘုရားသခင်၏သြဇာအာဏာသည် သူ၏ ထူးမြတ်မှုနှင့် အနှစ်သာရကို သင်္ကေတပြုသည်။ ဘုရားသခင်ကိုယ်တော်တိုင်၏ သြဇာအာဏာသည် ဘုရားသခင်၏ အဆင့်အတန်းနှင့် ဝိသေသလက္ခဏာကို ကိုယ်စားပြုသည်။ ဤနေရာတွင် ၎င်းကိုယ်တိုင်က ဘုရားဖြစ်သည်ဟု စာတန်ပြောရဲသလော။ မိမိသည် အရာအားလုံးကို ဖန်ဆင်းပြီး အရာအားလုံးအပေါ်တွင် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသည်ဟု စာတန်ပြောရဲသလော။ မည်သို့လျှင် ပြောရဲမည်နည်း။ ၎င်းသည် အရာအားလုံးကို ဖန်ဆင်းရန် မတတ်စွမ်းနိုင်ခြင်းကြောင့်ဖြစ်သည်။ ယနေ့အထိ ဘုရားသခင်ဖန်ဆင်းခဲ့သည့်အရာတစ်ခုခုကို ၎င်းမပြုလုပ်ခဲ့ဖူးပေ။ အသက်ပါဝင်သည့် အရာတစ်စုံတစ်ရာကို တစ်ခါမျှ ၎င်းမဖန်ဆင်းခဲ့ပေ။ ဘုရားသခင်၏ သြဇာအာဏာ ၎င်းတွင် မရှိသောကြောင့်ဖြစ်သည်။ သူသည် ဘုရားသခင်၏ အဆင့်အတန်းနှင့် ဝိသေသလက္ခဏာကို မည်သည့်အခါမျှ ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ ဤသည်ကို ၎င်း၏ အနှစ်သာရဖြင့် သတ်မှတ်ထားသည်။ ၎င်းသည် ဘုရားသခင်ကဲ့သို့ တန်ခိုးရှိသလော။ မည်သို့ရှိမည်နည်း။ စာတန်၏ လုပ်ရပ်များနှင့် စာတန်ဖော်ပြသည့် နိမိတ်လက္ခဏာများကို မည်သို့ခေါ်ကြသနည်း။ တန်ခိုးလော။ သြဇာအာဏာဟု ခေါ်၍ရနိုင်သလော။ မည်သို့ရနိုင်မည်နည်း။ စာတန်က မကောင်းမှုရေစီးကြောင်းကို ညွှန်ကြားသည်။ ဘုရားသခင်၏လုပ်ဆောင်ချက်တိုင်းကို နှောင့်ယှက်သည်။ ထိခိုက်သည်။ ကြားဝင်သည်။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းအချို့တွင် လူသားမျိုးနွယ်ကို ဖျက်ဆီးခြင်းနှင့် အလွဲသုံးစားပြုလုပ်ခြင်း၊ လူသားသည် သေမင်းအရိပ်လွှမ်းမိုးသည့် ချိုင့်ဝှမ်းဆီကို လျှောက်သွားစေရန် လူသားကို ဆိုးယုတ်မှုသို့၊ ဘုရားသခင်ကို ငြင်းပယ်မှုသို့ရောက်အောင် မျှားခေါ်ခြင်း၊ လှည့်စားခြင်းတို့မှလွဲ၍ စာတန်သည် လူသားထံမှ လေးစားမှု၊ ချီးမွမ်းမှု၊ ချစ်ခင်မြတ်နိုးမှုတို့ အနည်းငယ်မျှပင် ထိုက်တန်သည့် အရာတစ်ခုခု လုပ်ခဲ့ဖူးသလော။ စာတန်က သြဇာအာဏာနှင့် တန်ခိုးအစွမ်းကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်သည် ထိုအရာများအားဖြင့် ပျက်စီးခြင်းကို ရောက်မလော။ အကယ်၍ စာတန်သည် သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်သည် ထိုအရာများအားဖြင့် အန္တရာယ်ကျရောက်ပြီး ဖြစ်မည်မဟုတ်လော။ အကယ်၍ စာတန်က တန်ခိုးနှင့် သြဇာအာဏာကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်က ဘုရားသခင်ကို စွန့်ပစ်ပြီး သေခြင်းနောက်ကို လိုက်ပြီးဖြစ်မည် မဟုတ်လော။ စာတန်က သြဇာအာဏာ သို့မဟုတ် တန်ခိုးမရှိသည့်အတွက် စာတန်လုပ်သည့် အရာအားလုံး၏ အနှစ်သာရနှင့်ပတ်သက်၍ မည်သို့ကောက်ချက်ချသင့်သနည်း။ စာတန်လုပ်ဆောင်သည့် အရာအားလုံးက ပရိယာယ်သက်သက်သာဖြစ်သည်ဟု သတ်မှတ်သည့်သူများရှိသည်။ သို့ရာတွင် ဤကဲ့သို့သော သတ်မှတ်ချက်က သိပ်မသင့်တော်ဟု ငါမြင်သည်။ လူသားတို့ကို အကျင့်ပျက်စီးစေသည့် ဆိုးယုတ်သည့် လုပ်ဆောင်ချက်များက ပရိယာယ်သက်သက်ပင်လော။ စာတန်က ယောဘကို နှိပ်စက်သည့်၊ သူ့ကို နှိပ်စက်ပြီး ဝါးမျိုရန် အလွန်အမင်းဆန္ဒရှိသည့် ဆိုးယုတ်သည့်အားအင်များသည် ပရိယာယ်သက်သက်မှ ရရှိနိုင်ခြေမရှိပေ။ အတိတ်ကို ပြန်ကြည့်ပါက တောင်ကုန်းများ၊ တောင်များတွင် ပြန့်ကျဲနေသည့် ယောဘ၏ တိရစ္ဆာန်အုပ်များသည် ချက်ချင်းပင် ကွယ်ပျောက်သွားခဲ့ကြသည်။ ယောဘ၏ ကြီးမားသည့် စည်းစိမ်သည် ချက်ချင်း ပျောက်ကွယ်သွားသည်။ ဤအရာတို့ကို ပရိယာယ်သက်သက်နှင့်သာ ရရှိနိုင်မည်လော။ စာတန်လုပ်သည့်အရာအားလုံး၏ သဘောသဘာဝသည် ထိခိုက်ယိုယွင်းစေရန်၊ ကြားဝင်နှောင့်ယှက်ရန်၊ ဖျက်ဆီးရန်၊ အန္တရာယ်ပြုရန်၊ ဆိုးယုတ်ခြင်း၊ အန္တရာယ်ပြုတတ်ခြင်း၊ မှောင်မိုက်ခြင်းတို့ကဲ့သို့ အဖျက်သဘောများနှင့် ဆက်နွှယ်ပြီးထပ်တူကျသည်။ ထို့ကြောင့် မဖြောင့်မတ်ဘဲ ဆိုးယုတ်သည့် အရာအားလုံး ဖြစ်ပေါ်ခြင်းသည် စာတန်၏ လုပ်ရပ်များနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်နေပြီး စာတန်၏ ဆိုးယုတ်သည့် အချက်အလက်မှ ခွဲခြား၍မရပေ။ စာတန်က မည်မျှပင် “အစွမ်းထက်” ပါစေ မည်မျှပင် ရဲတင်းပြီး ရည်ရွယ်ချက် ကြီးမားပါစေ၊ ထိခိုက်မှုများပေးသော သူ၏အစွမ်း မည်မျှပင်ကြီးမားပါစေ၊ လူသားကို ဖျက်ဆီးပြီး မျှားခေါ်သည့် နည်းလမ်းများက မည်မျှပင် အတိုင်းအတာ ကျယ်ပြန့်ပါစေ၊ လူသားကို ခြိမ်းခြောက်စေခိုင်းသည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ သူဖြစ်တည်နေသည့်ပုံစံကို မည်မျှပင် ပြောင်းလဲနိုင်ပါစေ၊ စာတန်သည် သက်ရှိတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ မချပေးနိုင်ခဲ့ပေ။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ အုပ်စိုးပြီး ထိန်းချုပ်နိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် ကြီးမားလှသည့် ပြင်ကျယ်တစ်ခုလုံးတွင် စာတန်ထံမှ မွေးဖွားလာသည့် လူပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ် အရာဝတ္ထုတစ်ခုမျှ မရှိပေ။ သို့မဟုတ် သူ့ကြောင့် ဖြစ်တည်လာခြင်း မရှိပေ။ သူအုပ်စိုးသည့် သို့မဟုတ် သူထိန်းချုပ်သည့် လူပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ် အရာဝတ္ထုတစ်ခုမျှ မရှိပေ။ ဆန့်ကျင်ဖက်အနေနှင့် သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်နှင့် ခိုင်းစေမှုများအားလုံးကို နာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက် သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဝင်ဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများ၊ ကမ္ဘာမြေကြီးပေါ်က ပိုးကောင်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် ၎င်း၏တာဝန်သည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အလုပ်လုပ်ရန်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်နှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ ၎င်း၏ သဘောသဘာဝက မည်မျှပင် အန္တရာယ်ပြုတတ်ပါစေ၊ ၎င်း၏အနှစ်သာရက မည်မျှပင် ဆိုးယုတ်ပါစေ၊ ၎င်းလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံအဖြစ်နေရင်း၊ ဘုရားသခင် နှစ်သက်မည့်အချက်များကို ပံ့ပိုးရင်း ၎င်းတာဝန်ကို သိတတ်စွာနှင့် လိုက်နာရန်ပင်ဖြစ်သည်။ ယင်းမှာ စာတန်၏ အနှစ်သာရနှင့် အဆင့်နေရာဖြစ်သည်။ ၎င်း၏ အနှစ်သာရသည် အသက်နှင့် မဆက်သွယ်ထားပေ။ တန်ခိုးနှင့် မဆက်သွယ်ထားပေ။ သြဇာအာဏာနှင့် မဆက်သွယ်ထားပေ။ ၎င်းသည် ဘုရားသခင်၏ လက်ထဲက ကစားစရာတစ်ခု မျှသာဖြစ်သည်။ ဘုရားသခင်ကို အစေခံသည့် စက်တစ်လုံးသာ ဖြစ်သည်။
စာတန်၏ အကြောင်းကို အမှန်တကယ် နားလည်ပြီးနောက် လူအများအပြားက သြဇာအာဏာက အဘယ်အရာ ဖြစ်သည်ကို နားမလည်သေးပေ။ ထို့ကြောင့် ငါပြောပြမည်။ သြဇာအာဏာကိုယ်၌ကို ဘုရားသခင်၏ တန်ခိုးအဖြစ် ရှင်းပြနိုင်သည်။ ပထမဦးဆုံး သြဇာအာဏာနှင့် တန်ခိုးတို့သည် အပြုသဘောဆောင်သည်ကို သေချာပေါက် ပြောနိုင်သည်။ အဖျက်သဘောဆောင်သည့် မည်သည့်အရာနှင့်မျှ ဆက်နွယ်မှု မရှိပေ။ မည်သည့် ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခြင်းမခံရသည့် အရာတစ်ခုနှင့်မျှ ဆက်စပ်ခြင်းမရှိပေ။ ဘုရားသခင်၏ တန်ခိုးက အသက်နှင့် ရှင်သန်တက်ကြွခြင်းရှိသည့် မည်သည့်ပုံစံကိုမဆို ဖန်ဆင်းနိုင်သည်။ ဤသည်ကို ဘုရားသခင်၏ အသက်နှင့် ပိုင်းခြားဆုံးဖြတ်သည်။ ဘုရားသခင်သည် အသက်ဖြစ်၏။ ထို့ကြောင့် သူသည် သက်ရှိသတ္တဝါအားလုံး၏ အရင်းအမြစ်ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ သြဇာအာဏာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းကို သက်ရှိသတ္တဝါအားလုံး နာခံရန် ပြုလုပ်နိုင်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏နှုတ်က နှုတ်ကပတ်တော်တို့နှင့်အညီ သက်ရှိဖြစ်လာပြီး ဘုရားသခင်၏ အုပ်ချုပ်မှုအားဖြင့် အသက်ရှင်ပြီး မျိုးပွားကြသည်။ သက်ရှိသတ္တဝါအားလုံးကို ဘုရားသခင် အမိန့်ပေး အုပ်စိုးသည့်နောက်တွင် ပြောင်းလဲ ယိမ်းယိုင်ခြင်းဆိုသည်မှာ ထာဝရ မရှိတော့ပေ။ မည်သည့် ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ ဤအရာများ မရှိပေ။ ဖန်ဆင်းရှင်သာလျှင် ဤကဲ့သို့သော တန်ခိုးကို ပိုင်ဆိုင်ပြီး ထိန်းသိမ်းသည်။ ထို့ကြောင့် ၎င်းကို သြဇာအာဏာဟုခေါ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိခြင်းဖြစ်သည်။ ဤအတိုင်းပင်၊ “သြဇာအာဏာ” ဆိုသည့် စကားလုံးဖြစ်စေ သို့မဟုတ် ဤသြဇာအာဏာ၏ အနှစ်သာရဖြစ်စေ၊ တစ်ခုချင်းစီတိုင်းက ဖန်ဆင်းရှင်နှင့်သာ ဆက်စပ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဖန်ဆင်းရှင်၏ အတုမရှိသည့် ဝိသေသလက္ခဏာနှင့် အနှစ်သာရ၏ သင်္ကတေဖြစ်ပြီး ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။ ဖန်ဆင်းရှင်မှလွဲ၍ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ “သြဇာအာဏာ” ဟူသည့် စကားလုံးနှင့် ဆက်စပ်၍ မရပေ။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာ၏ အဓိပ္ပာယ်ကောက်ချက်ဖြစ်သည်။
စာတန်သည် ယောဘကို တပ်မက်သည့် မျက်လုံးများနှင့် ကြည့်နေသော်လည်း ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲနှင့် သူသည် ယောဘ၏ ကိုယ်ခန္ဓာမှ အမွှေးတစ်မျှင်ကိုပင် မထိရဲပေ။ စာတန်သည် ပင်ကိုသဘောအားဖြင့် ဆိုးယုတ်ပြီး ရက်စက်သော်လည်း ဘုရားသခင်က သူ၏အမိန့်ကို ထုတ်ပြန်ပြီးနောက်တွင် စာတန်သည် ဘုရားသခင်၏အမိန့်ကို လက်ခံရန်မှလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ထို့ကြောင့် စာတန်သည် ယောဘနှင့်ပတ်သက်ပါက သိုးများကြားထဲက ဝံပုလွေကဲ့သို့ ထိန်းမနိုင်သိမ်းမရဖြစ်နေသော်လည်း ဘုရားသခင်က ၎င်းအတွက် ပြင်ဆင်ထားသည့် အကန့်အသတ်များကို မမေ့ရဲပေ။ ဘုရားသခင်၏ အမိန့်များကို မဖောက်ဖျက်ရဲပေ။ ၎င်းလုပ်သည့် အရာအားလုံးထဲတွင် စာတန်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခြေခံစည်းမျဉ်းနှင့် အကန့်အသတ်များမှ မယိမ်းယိုင်သွားရဲပေ။ ဤသည်မှာ အမှန်တရားပင်ဖြစ်သည် မဟုတ်လော။ ဤအချက်မှ စာတန်သည် ယေဟောဝါ ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်ကိုမဆို မချိုးဖောက်ရဲသည်ကို မြင်နိုင်သည်။ စာတန်အတွက် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်တိုင်းက အမိန့်ဖြစ်ပြီး၊ ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမနှင့် ဘုရားသခင်၏ သြဇာအာဏာ၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်း၏ နောက်တွင် ဘုရားသခင်၏ အမိန့်များကို ချိုးဖောက်သူများ၊ ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမကို မနာခံဘဲ ဆန့်ကျင်သည့်သူများအတွက် ဘုရားသခင်၏ အပြစ်ဒဏ်ကို ညွှန်ပြနေသည်။ စာတန်သည် ဘုရားသခင်၏အမိန့်များကို ၎င်းချိုးဖောက်လျှင် ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျော်လွန်ခြင်းနှင့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများကို ဆန့်ကျင်ခြင်း၏ အကျိုးဆက်များအား လက်ခံရမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းသိသည်။ ဤအကျိုးဆက်များက မည်သည့်အရာများနည်း။ ပြောစရာမလိုပေ။ ဤအရာတို့သည် သူ့အတွက် ဘုရားသခင်၏ အပြစ်ဒဏ်ပင်ဖြစ်သည်။ ယောဘအပေါ် စာတန်၏ လုပ်ရပ်များသည် လူသားကို စာတန်ဖျက်ဆီးခြင်း၏ ပုံစံအသေးစားပင်ဖြစ်သည်။ စာတန်က ဤအပြုအမူများကို လုပ်ဆောင်နေသည့်အခါတွင် စာတန်အပေါ် ဘုရားသခင် ချမှတ်ထားသည့် အကန့်အသတ်များနှင့် သူထုတ်ထားသည့် အမိန့်များသည် စာတန်လုပ်သည့် အရာတိုင်း၏ နောက်က အခြေခံစည်းမျဉ်း၏ သေးငယ်သည့် ပုံစံသာဖြစ်သည်။ ထို့အပြင် ဤအကြောင်းအရာတွင် စာတန်၏ တာဝန်နှင့် အဆင့်နေရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု လုပ်ဆောင်ချက်ထဲက ၎င်း၏တာဝန်နှင့် အဆင့်နေရာ၏ သေးငယ်သည့်ပုံစံသာဖြစ်ပြီး ယောဘကို သွေးဆောင်ခြင်းတွင် စာတန်၏ ဘုရားသခင်အပေါ် အပြည့်အဝနာခံခြင်းက ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအလုပ်တွင် ဘုရားသခင်ကို စာတန်က နည်းနည်းမျှ မဆန့်ကျင်ရဲသည့်ပုံစံ၏ သေးငယ်သည့်အပိုင်းသာ ဖြစ်သည်။ ဤအသေးစားပုံစံများက သင်တို့ကို မည်သည့်သတိပေးချက်များ ပေးသနည်း။ စာတန်အပါအဝင် အရာအားလုံးထဲတွင် ဖန်ဆင်းရှင်က ချမှတ်ထားသည့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ထုတ်ပြန်ချက်များကို ကျော်လွန်နိုင်သည့်သူ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ မရှိပေ။ ဤကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ထုတ်ပြန်ချက်များကို ဖောက်ဖျက်ရဲသည့်သူ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ မရှိပေ။ အကြောင်းမှာ ဖန်ဆင်းရှင်က မနာခံသည့်သူများအပေါ် ချမှတ်သည့် ပြစ်ဒဏ်ကို မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ ပြောင်းလဲနိုင်ခြင်း သို့မဟုတ် လွတ်မြောက်နိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ ဖန်ဆင်းရှင်သာလျှင် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ထုတ်ပြန်ချက်များကို တည်ထောင်နိုင်သည်။ ဖန်ဆင်းရှင်သာလျှင် ဤအရာတို့ကို အကျိုးသက်ရောက်မှုရှိအောင်ပြုလုပ်ရန် တန်ခိုးရှိသည်။ ဖန်ဆင်းရှင်၏ တန်ခိုးကိုသာ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ မကျော်လွန်နိုင်ခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာဖြစ်သည်။ ဤသြဇာအာဏာသည် အရာအားလုံးထက် သာလွန်သည်။ ထို့ကြောင့် “ဘုရားသခင်က အကြီးမြတ်ဆုံးဖြစ်ပြီး စာတန်က နံပါတ် နှစ်ဖြစ်သည်” ဟု ပြောရန် မဖြစ်နိုင်ပေ။ အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်သည့် ဖန်ဆင်းရှင်မှလွဲပြီး အခြားဘုရားမရှိပေ။